Wednesday 23 December 2015

ဆီးချိုအတွက် ကောက်နှုတ်ချက်
==================
ကမ္ဘာပေါ်ရှိ လူဦးရေ သန်းပေါင်းများစွာကို ဒုက္ခပေးတဲ့ရောဂါအထဲမှာ ဆီးချိုလည်းပါပါတယ်။ အာယုဗ္ဗေဒ ဆေးကျမ်းကြီးများက ဆီးချိုရောဂါကို “ရောဂါဥက္ကဋ္ဌ = ရောဂါတို့၏ အကြီးအကဲ” လို့ဆိုတယ်။ ဆီးချိုရောဂါဟာ ရောဂါတံခါးကို ဖွင့်ပေးတဲ့ ရောဂါလို့လဲ ဆိုနိုင်တယ်။ ဆေးသိပ္ပံအဆိုအရ ပန်ကရိယလို့ခေါ်တဲ့ အူမကြီးမှာ လိုအပ်တဲ့ အင်ဆူလင် အရည်တွေ အလုံအလောက် မထုတ်ပေးနိုင်လို့ ဆီးချိုရောဂါဖြစ်လာတယ်လို့ ဆိုထားတယ်။ ခေတ်သိပ္ပံဆေးတွေကတော့ ဆီးချိုဝေဒနာသည်ကို အင်ဆူလင်ဆေး ထိုးပေးကြတယ်။
တိုင်းရင်းဆေးအရရော ခေတ်သိပ္ပံနည်းအရပါ ဆီးချိုဟာ အစားအသောက် မရှောင်လို့ပါ။ အချိုအဆိမ့်တွေ အစားများလို့ ဖြစ်ကြရတာပါ။
ဆီးချိုရဲ့ ရှေ့ပြေးနိမိတ်ကတော့ . . .
ဆီးခဏ ခဏ သွားမယ်။ ရင်ပူပြီး ရေငတ်တယ်၊ အာလည်း ခြောက်တယ်။ အိပ်ယာထဲပဲ ဇိမ်နဲ့ နှပ်ချင်မယ်။ ခန္ဓာကိုယ် ဝဖြိုးလာမယ်၊ အေးတဲ့အရသာ အထိအတွေ့တွေကိုပဲ အလိုရှိတယ်။ အိပ်ရေးပျက်ပြီး အားအင် ကုန်ခန်းမယ်။ တချို့ ကျားမ လိင်အင်္ဂါတစ်ဝိုက်မှာ ယားယံတတ်တယ်။ ပန်းသေပန်းညှိုးလည်း ဖြစ်တတ်တယ်။ ဆီးချိုဖြစ်မှန်း မသိဘဲ စားချင်တာတွေ စိတ်ကြိုက်စားတော့ ဝရာကနေ ပိန်ချုံးကျသွားတာလည်း ရှိတယ်။ ထိခိုက်ရှနာရင်လဲ အနာက တော်တော်နဲ့ မကျက်တတ်ဘူး။ ဒါတွေဟာ ဆီးချိုဖြစ်မည့် လက္ခဏာတွေပါ။
ဆီးချိုအဖြစ်များတဲ့လူတွေကတော့ . . .
ကိုယ်လက်လှုပ်ရှားမှုနဲမယ်၊ အထိုင်များမယ်၊ အအိပ်များမယ်၊ ဘယ်သွားသွား လမ်းလျှောက်နဲတဲ့သူ၊ ရေခဲသေတ္တာ ပန်ကာ ဆိုဖာကြီးတွေနဲ့ ဇိမ်ခံတဲ့သူတွေ အဖြစ်များတယ်လို့ ကောက်ချက်ချကြတယ်။
ဆီးချိုဖြစ်သူများအတွက် တိုင်းရင်းဆေးကတော့ အောက်ပါအတိုင်း နီးစပ်ရာ တစ်ခုခုကို သောက်နိုင်ပါတယ်။
(၁) ပုတီးဖြူရွက်ကို သုံးခွက် တစ်ခွက်တင် ကျိုပြီး နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပါ။ တစ်ခါသောက်လျင် အချိုပန်းကန် တစ်လုံးလောက်သောက်ပါ။
(၂) သပြေခေါက်ကို ကျိုသောက်ပါ။ (သပြေဆိုတာ ဘုရားကို အမြဲတမ်း လှူနေတဲ့ သပြေကို ပြောတာပါ။ သွေးတိုး လေငန်းရှိတဲ့သူများ သပြေခေါက်နဲ့ မတဲ့ဘူးလို့ ဆရာမကွေးဝင်းမြင်က ဆိုထားပါတယ်)
(၃) ဆင်တုံးမနွယ်ပြုတ်ရေကိုလည်း သောက်နိုင်တယ်။ ဒါမှမဟုတ် ဆီးဖြူ၊ ဖန်ခါး၊ သစ်ဆိမ့် သုံးမျိုးပေါင်းထားတဲ့ တြီဖလပြုတ်ရေကို သောက်ပါ။
(၄) ခတက်ခေါက် ပြုတ်ရည်
(၅) ကင်ပွန်းရွက်ကြမ်း သတ္တုရည်အကြမ်းပန်းကန် တစ်ဝက်ရအောင်ညှစ်ပြီး နေ့တိုင်းသောက်ရန်၊ (တစ်လလောက်သောက်ရန်)
(၆) ကြက်လည်ဆံရွက် သုံးခွက်တစ်ခွက် တင်ကျိုပြီးသောက်။ (ကြက်လည်ဆံရွက် လွယ်ကော်လေဆိပ်မှာ အလေ့ကျများစွာပေါက်ဟုဆို)
(၇) အိန္ဒိယ ဗုဒ္ဓဂယာဘုရားဖူးသွားတုံးက ရာဇဂြိုဟ် မြန်မာကျောင်းမှာလည်း နွယ်ပင်တစ်မျိုးကို ကုလားတွေက ဆီးချိုပျောက်တယ်ဆိုပြီး ရောင်းတာ တွေ့ရတယ်။ အဲဒီအပင်ကိုတော့ စာရေးသူ နာမည် မသိခဲ့ပါ။ မြန်မာပြည်အတွင်းမှာလည်း ရှိတယ်လို့ဆိုတယ်။ အဲဒီ အပင်ကို အမှုန့်ကြိတ်ပြီး စားရင်လဲ ဆီးချိုပျောက်တယ်။
= မှတ်ချက် = ဆေးဆိုတာက ခန္ဓာကိုယ်အသွေးအသားရဲ့ လက်ခံမှုပေါ် မူတည်ပါတယ်။ ဒါကြောင့် တချို့ ဒီဆေးနဲ့ ပျောက်တယ်။ တချို့ကျတော့ မပျောက်ဘူးပေါ့။
ဆီးချိုနဲ့ မတဲ့သည့် အစားအစာများ
ငှက်ပျောသီး၊ ရေအေး (ရေအေးအစား မြင်းခွာရွက်ပြုတ်ရည်၊ ကင်ပွန်းချဉ်ပြုတ်ရည်၊ ရေနွေးကို သောက်နိုင်ပါသည်)၊ သဘောင်္သီးမှည့်၊ ကြက်ဥ၊ နွားနို့၊ မြေပဲ၊ ဝက်သား၊ ဘဲသား၊ ပုစွန်၊ ငါးသလောက်၊ အုန်းနို့၊ခေါက်ဆွဲ ငါးသေတ္တာ၊ ဒညှင်းသီး၊ မှို၊ မျှစ်၊ ပန်ကာလေ၊ ရေခဲရေ၊ လေအေး (သိပ်အေးလွန်းတဲ့ နေရာ မနေသင့်ပါ)၊ ရေအေး (ရေချိုးလျင် ရေနွေးဖြင့်ချိုးပါ)၊ ချိုအေးသော ဖျော်ရည်မျိုးစုံ၊ ကော်ဖီ၊ မိုင်လို၊ အိုဗာတင်း၊ ဟောလစ်၊ လက်ဖက်ရည်အချို၊ ဘီစကစ်မုန့်၊ သြဇာသီး၊ ပန်းသီး၊ သစ်တော့သီး၊ ဘူးသီး၊ သစ်ကြားသိး၊ မြေတွင်းအောင်း သတ္တ၀ါ၊ စတာတွေ ရှောင်ရပါမည်။
ဆီးချို ဝေဒနာရှင်များ စားသုံးရန် အစားအစာများ
ငရုတ်ကောင်း၊ မဆလာ၊ ချင်းများများနှင့် ချက်ပြုတ်သာ ဆိတ်သားနဲ့ အစားအစာ၊ မြင်းခွာရွက်၊ ခွေးတောက်ရွက်၊ ကြိတ်မှန်ရွက်၊ ဒန့်ဒလွန်ရွက်၊ ကနေဖော့၊ ကြာဟင်း၊ ပိုးစာ၊ နှမ်းလှော်၊ နှမ်းထောင်း၊ သမှုန်းရွက်၊ အမဲသား၊ ချိုး၊ ခါ … စတာတွေ စားနိုင်ပါတယ်။
ဆီးချိုအတွက် အကောင်းဆုံးဆေး
မသိရင် ကျော်သွား သိရင်ဖေါ်စားဆိုသလို ဆီးချိုအတွက် အကောင်းဆုံး ဆေးတစ်လက်ကတော့ ငါးချိတ်ကောက်ရိုးကို ကြိုသောက်ခြင်းပါ။ ငါးချိတ်ကောက်ရိုးကို သေခြာစွာ အခြောက်လှမ်းပြီး နှုတ်နှုတ်စင်းကာ ဓါတ်ဗူးထဲ လက်ဖက်ရည်သောက်သလို ထဲ့သောက်ရင်လည်း ဆီးချိုပျောက်နိုင်ပါတယ်။
ကြိုတင်ကာကွယ်ခြင်းဟာ ဆေးကုခြင်းထက်ကောင်း၏ ဆိုတဲ့အတိုင်း ဆီးချိုမဖြစ်စေချင်ရင်
(၁) အချိုအဆိမ့်ကို ရှောင်ပါ။
(၂) ready made အချိုဗူးတွေ သံဗူးတွေ စားကောင်း သောက်ကောင်းတိုင်း သိပ်မသောက်ပါနှင့်။
(၃) ထင်တိုင်းလဲ မဆိုနှင့် ဝင်တိုင်းလဲ မမျိုနှင့် ဆိုတဲ့အတိုင်း အစားအစာစားတဲ့နေရာမှာ ဆင်ခြင်ပြီးတော့ စားပါ။ သိပ်အဝအပြဲကြီး မစားသင့်ပါ။
(၄) ချွေးထွက်သည်အထိ ကိုယ်လက် လှုပ်ရှားမှု နေ့စဉ်ရှိရပါမည်။
မကွေးဝင်းမြင့်၏ “ဆီးချိုဆိုသော ထိုရောဂါ” စာအုပ်မှ မှတ်ချက်များ ထုတ်ယူ တင်ပြခြင်းဖြစ်သည်။
BY LAISAITAI