Wednesday 18 November 2015

တောကနခို ၊ကြက်ဆူကနခို ၊သင်္ဘောကနခို၊
ကနခိုကြီး

ရုက္ခအမည်: Jatropha gossypifolia L.,
Family Euphorbiaceae
အညာရောက်ရင်မြင်ရသော တောကနခိုပင်လေးတွေပါ ၊ အလွယ်မှတ်လျင် "ကနခိုကြီး" "ကနခိုလေး"ပေါ့ ၊ သူ့ကို "ကနခိုကြီး"လို့လည်း ခေါ်ကြတယ် ၊ ဝမ်းနှုတ်စေသော "ကနခိုလေး"ပင် မဟုတ်ပါ၊ အပင်မတူသလို genus name လည်းမတူနိုင်ပါ တခြားစီဖြစ်ပါတယ်၊ အများစုကရောထွေးနေကြပါတယ်၊ ကနခိုပင်ဆိုတာနဲ့ ဒီအပင်ကိုတန်းမြင်ကြတယ် ၊ဒီအပင်က နေရာအတော်များများမင်းမူနေသောအပင်တပင်ပါ၊ လူတရပ်သာသာမြင့်သော ပင်ပြော့ချုံပင်ကြီးမျိုးပါ၊ အပင်ကိုခုတ်လျင်ရေလိုအရည်များထွက်ကျလာပါတယ်၊ ပင်စည်နဲ့အရွက်နုတွေက နီညိုရောင်သန်းကြတယ်၊ ထူးတာကတော့ တပင်လုံး စေးကပ်ကပ် ဂလင်းအမွှေးတွေရှိနေတာပါ၊ သာမာန်မြက်စေ့နဲ့ကိုမြင်ပါတယ်၊ အရွက်က လက်ဝါးပုံဖြစ်ပြီးအဝိုက် ၃ဝိုက်ပါ နုစဉ်အခါ နီညိုရောင်ဖြစ်သော်လည်းကြီးလာလျှင် အစိမ်းရောင်ပါ၊ ရွက်စွယ်လေးတွေက ဂလင်းအမွှေးလေးတွေဖြစ်နေတာက ဒီအပင်ရဲ့ ထူးခြားချက်ပါ၊ ပန်းခိုင်က ထိပ်ထွက် dichasial cyme ပါ၊ ထိပ်မှာ အမပွင့်ရှိနေပြီးဘေးကနေ အဖိုပွင့်များကရံလို့နေပါတယ်၊ ပန်းပွင့်တွေကအနီရောင်ပါ၊ ပွင့်ဖတ် ပွင့်ချပ် ၅ခုစီပါကြတယ်၊ အဖိုပွင့်မှာ တစုစည်း ဝတ်ဆံတန်ပါပြီး tetrathecous anthers များထိပ်မှာရှိနေပါတယ်၊ အမပွင့်မှာ ဝတ်ဆံဖိုမပါဘဲ tricarpellary ovary ပါပါတယ်၊ အသီးကတော့ ပုံမှာအတိုင်း အက်ကွဲသီး capsules ပါ၊ အစေ့တွေမှာ စေ့တွင်းစာပါပြီး သူ့မှာ caruncle ပါနေပါတယ်၊ ပန်းပွင့်ချိန်က အခုလ August ကနေ November အထိပါ၊ ဒီအပင်က ပေါက်ပွားနှုံးအလွန်မြန်ပြီး အကြမ်းခံလှတယ် ဘယ်လောက်ကြမ်းတမ်းသောနေရာမဆိုပေါက်နိုင်တယ် အသက်လည်းပြင်းလှတယ် အစုလိုက်ပေါက်တယ်၊ အညာမှာ စိမ်းစိမ်းစိုစိုရှိနေတာ သူ့ကြောင့်ပါ၊ သဘာဝပတ်ဝန်းကျင်ကိုအလှဆင်သူပေါ့၊ ဒီအပင်ဆေးဖက်လည်းဝင်တယ် အရှင်နာဂသိန်ဆေးကျမ်းမှာဆို
."အပင်အခေါက်ပြုတ်ရေ ဥတုသွေးကိုမှန်စေ၏ အရွက်ကို ဆံပင်ကျွတ်ခြင်း အနာမီးလျှံ ယားယံခြင်းလိမ်းပေးရ၏၊ အစေ့သည်အန်စေတတ်၏၊ စားလျှင်မူးစေတတ်၏၊သတ္ထုရည်ကိုရှူပါက ခြေဆတ်ပြီး ခေါင်းကိုက်ပျောက်၏၊ အရွက်အပွင့် ဝမ်းသကိ၏၊ အရွက်အရည်ကိုလိမ်းပါက အနာများပျောက်၏၊ ဆီးဝမ်းတို့ကိုနိုင်၏ အဆိပ်ကိုနိုင်၏ ကိုယ်ရောင်နာ သလိပ်နာကိုနိုင်၏၊ သလိပ်သည်းခြေကိုနိုင်၏ ဒဏ်ထိ၍ရင်၌သွေးပြည့်သောအနာ စမြင်းဒေါသနာ ပိုးကြောင့်ဖြစ်သောအနာ သုတ်သွေးခန်းခြောက်သောအနာ လေချုပ်အနာ အပင်းအဖုအနာတို့ပျောက်စေ၏" လို့ရေးသားထားတယ်၊ အညာဒေသမှာပေါက်တဲ့အပင်တိုင်းကို အညာသူ အညာသားသာမက ဆေးဆရာတွေကလည်းရင်းနှီးကြတယ်၊ အဓိကရည်ရွယ်တာက အပင်နဲ့ရုက္ခအမည်မှန်ကန်စွာတွဲသိစေခြင်တာပါ၊ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုတဲ့စကားလို တန်ဖိုးရှိသော အညာက တောကနခို အပင်လေးပါ၊
မူရင်း စာရေးသူ၏ FB adress ..

No comments: