Saturday 21 November 2015

ပင့်ကူထိပ်ပိတ်
Leucas aspara (Willd.) Link.,
Family Lamiaceae
အခုရက်ပိုင်း အညာက ရွာကိုရောက်စဉ်မြင်ရသောအပင်လေးတွေပါ၊ လယ်ကွင်းစပ် ရွာလမ်းနဘေး ဖွေးဖွေးလှုပ်အောင်ပွင့်ကြတယ်၊ ရွာခံကလေးတယောက်က အဖြူရောင်ပန်းလေးကိုခူးပြီး ဖက်ဖက်ကနေစုတ်ယူနေလို့ စပ်စုကြည့်မိတယ် ဆရာစုတ်ကြည့်အရမ်းချိုတယ်၊ တကယ်လည်းချိုတယ်၊ အချို့က တောနှမ်းခေါ်ပြန်တယ်၊ ပင့်ကူထိပ်တင် လည်းခေါ်ကြပြန်တယ်၊ တနှစ်ခံပင်ပြော့လေး တွေပါ၊ပင်စည်အကိုင်းတွေက ဒေါင့်လေးဒေါင့်ဆန်ပါတယ်၊အမွှေးလေးများရှိတယ်၊ အရွက်တွေကရွက်ဆိုင်ထွက်ကြတယ်၊ အရွက်တွေက oblong lanceolate ပုံစံပါ၊ (အရွက်ပုံစံက မျိုးစိတ်များခွဲခြားရာမှာအရေးပါလှတယ်) ရွက်နားက crenate ဖြစ်ပြီး ciliate ဖြစ်ပါတယ်၊ ပန်းခိုင်က ထိပ်ထွက် verticillaster ဖြစ်ပြီး လုံးဝန်းသော ဦးခေါင်းငယ်ပုံပါ၊ သူက များစွာသော bracts များနဲ့ ခံထားပါတယ်၊ ပွင့်ဖတ်အုံက ပြွန်ပုံဖြစ်ပြီး အဝက ရွဲ့စောင်းနေတယ်၊ သွားပုံထိပ်ဝမှာ အနား ၁၀ခုပါလို့နေတယ်၊ ပွင့်ချပ်အုံ က နှုတ်ခမ်းကွဲပုံ အဖြူရောင်ပါ၊ အပေါ်ဖက်အဝိုက်က ထောင်နေပြီး hooded ပုံစံ concave ဖြစ်ကာ အနားမှာ အဖြူရောင် အမွှေးများဖုံးထားပါတယ်၊ အောက်ဖက်အဝိုက်က ၃ခုရှိပြီး အလယ်အဝိုက်က အကြီးဆုံးပါ၊ဝတ်ဆံဖို ၄ခုပါပြီး ပွင့်ချပ်အုံကို အတွင်းကတွယ်ဆက်ထားတယ်၊ အစေ့အိမ်မှာအခန်း၂ခမ်းသာပါပြီး တခန်းတလုံးသာပါပါတယ်၊ အဝိုက် ၄ခုပါပါတယ်၊ အသီးကတော့ nutlets ပုံစံပါ၊ တိုင်းရင်းဆေးဝင်သော အပင်ဖြစ်သည်၊Wikipedia ထဲမှာတော့ ဒီအပင်လေးဆေးအစွမ်းကိုဖော်ပြထားတယ်၊
မှိုသတ်နိုင်စွမ်း ပိုးသတ်နိုင်စွမ်းရှိလို့ ရောဂါပိုးတွေတားဆီးနိုင်သည်။ ဓါတ်တိုးဆန့်ကျင်ပစ္စည်း antioxidant ပါဝင်သည်။ ဆီးကြိတ်ရောင်ရမ်းခြင်း နှင့်နာကျင်ခြင်းကိုတားဆီးပေးသည်။ ဖိလစ်ပိုင်နိုင်ငံတွင် ကင်းမြီးကောက် အကိုက်ခံရခြင်းကိုသက်သာစေရန် ဆေးအဖြစ်သုံးကြသည်။ အဖျားရောဂါသက်သာစေသည်။ အပွင့်ကြိတ်ရေကို နှာခေါင်းနှင့် ခေါင်းကိုက်ရောဂါများတွင်သုံးသည်၊  နှာခေါင်းပိတ် အအေးမိ ခြောင်းဆိုး အဖျား ခေါင်းကိုက်ရောဂါများပျောက်၏၊ ကလေးများ အူလမ်းကြောင်းရှိ သံကောင် တုတ်ကောင်များဖယ်ရှားနိုင်၏၊ အခြားသော species ကွဲသော ပင့်ကူထိပ်ပတိတပင်လည်းရှိသည်၊ အပင် ၂ ပင်က တူလွန်းလှသည် သူ့က Genus တူသည် species သာကွဲသည် အမည်က Leucas cephalotes ဖြစ်သည်၊ အရွက် သေးသွယ်ခြင်းမရှိ broadly elliptic ဘဲဥပုံဆန်ဆန်ဖြစ်သည် ပန်းခိုင်ထွက်ပုံ ပန်းပွင့်ပုံများက Leucas aspara နဲ့ တူလှသည်၊ ဒီအပင်ကို လည်း ပင့်ကူထိပ်ပိတ်အနေဖြင့်သာ ဆေးသုံးကြသည်၊ အပင် ၂ ပင်ဖြစ်သော်လည်း ဆေးဝင်ကြပုံက သိပ်မကွဲပြားလှပါ၊ ဒီအပင်လေးဆေးဝင်ပုံကို ဆေးကျမ်းတွင်အသေးစိတ်ရေးထားသည်၊  မြန်မာ့ ဆေးကျမ်းအလိုအရ အပင်သည် ပူစပ်၏ ချို၏ ဆိမ့်၏ ငန်၏ ဝမ်းကိုသက်စေ၏ နှုတ်ကိုမြိန်စေ၏ လေသလိပ်ကိုကြေစေ၏ ကိုယ်တခြမ်းသေ ရောဂါများပျောက်စေ၏ အရွက်သည်ချို၏ ခြောက်သွေ့၏ သည်းခြေကိုပွားစေ၏ ကိုယ်ရေဝါရောဂါ ဖောယောင်ခြင်း ဆီးလွန်ရောဂါ အဖျားရောဂါပျောက်၏၊ ဆေးအသုံးပြုပုံ တွင် အရွက်သည် မြွေကိုက်သောအနာကိုနိုင်၏ အရွက်ကိုကြိတ်ရသောအရည်ကိုတိုက်ခြင်း နှာခေါင်းအတွင်းထည့်ခြင်းဖြင့် မြွေဆိပ်ကျစေ၏၊အရွက်ကြိတ်ရေကိုပိတ်ချင်းသီးမှုံ့အနည်းငယ်ရောသောက်လျှင် အကြောအဆစ်ရောင်ရောဂါပျောက်၏၊ယားယံသောနေရာကို အရွက်ကြိတ်ရေလိမ်းလျှင်ပျောက်စေ၏၊ပဉ္စငါးပါးကြိတ်ရေကိုငြုတ်ကောင်းမှုံ့ရော၍ နဖူးလိမ်းသော် ခေါင်းကိုက်ပျောက်၏၊ အပင်ပြုတ်ရေကို လေးညှင်း ၁ ပွင့်၂ ပွင့်ခန့်ထည့်သောက်လျှင်အဖျားပျောက်၏၊ သုတ်ခမ်းသောရောဂါ အပင်ကိုပြုတ်သောက်ရာ၏၊ ဆေးအဖြစ်သုံးလျှင်သကြားအနဲငယ်စပ်၍ သုံးရသည်၊ အခြားအသုံးဝင်ပုံတွေကလည်းများစွာရှိပါသေးသည်၊ အပင်ကိုရလျှင် သေခြာစွာ key ထုတ်ဖို့ လိုလှပါတယ် ၊ အချို့အချက်လေးများကြောင့် species level ပြောင်းနိုင်ပါတယ်၊ ထင်ရှားသော တိုင်းရင်းဆေးပင်လေးမို့ ရေးသားတင်ပြရတာပါ၊ နွယ်မြက်သစ်ပင်ဆေးဖက်ဝင်လှပါတယ်.
Ref: Ashinnargathein, Wekipedia, Flora of Shwebo by Dr KhinHninYee.

မူရင်း facebook link. ဆရာ Kothetnaing Kothetnaingoo

https://m.facebook.com/story.php?story_fbid=701585873274347&id=100002688236044

comment ပေးသော လူတစ်ယောက်၏ လက်တွေ့။
မြွေဆိပ်နိုင်တာတော့်လက်တွေ့ပါဆရာ စစ်ကိုင်းအနောက်ဖက် အင်းထဲက ရေကျပြီးခွေနေတဲ့မြွေပွေးအကိုက်ခံရတဲ့မိတ်ဆွေတဦးကိုလှေသမားတွေကဒီအပင်အကုန်ဆွဲနှုတ်ကြိတ်ချေအရည်ညစ်၊ ဥနှဲရွက်လဲအရည်ညစ်ပြီးဆေးရုံမရောက်မချင်းလူနာကိုဒီအရည်ပဲတိုက်ပါတယ် ဆေးရုံရောက်ဖို့လမ်းကြာချိန် ၃နာရီကျော်ကျော်ကြာခဲ့ပါတယ် ။ မြွေပါဖမ်းခဲ့ပြီး ဆေးရုံရောက်တဲ့အထိ လူနာ ထူထူထောင်ထောင်ပါပဲ  အကြောင်းတိုက်ဆိုင်သလား အပင်စွမ်းကြောင့်လားမသိ ပါ သုတေသနပြုသင့်ပါတယ်။

No comments: