Tuesday 17 November 2015

ဆေးမြင်းခွာ

Kingdom : Plantae
Division : Pteridophyta
Class : Marattiopsida
Order : Marattiales
Family : Marattiaceae
Genus : Angiopteris
Species : Angiopteris sp.

အမည် - ဆေးမြင်းခွာ

အင်္ဂလိပ်အမည် - Giant Fern(*အမည်မတိကျပါ)

ရုက္ခဗေဒအမည် - Angiopteris sp.(*အမည်မတိကျပါ)

မျိုးရင်းအမည် - Marattiaceae

#ဆေးမြင်းခွာပင်အကြောင်းနှင့်ဆေးဖက်ဝင်အသုံးပြုမှု

၎င်းဆေးမြင်းခွာသည်အာယုဗ္ဗေဒကျမ်းများတွင်
အသုံးပြုမှုများမတွေ့ရှိရချေ။
သို့ရာတွင်
မြန်မာပြည်ရှိသမားတော်အစဉ်အဆက်တို့သည်
ယနေ့တိုင်အောင်ဆေးမြင်းခွာကိုအမျိုးမျိုး
အသုံးပြုလျှက်ရှိသောကြောင့်အောက်ပါအတိုင်း
၎င်းအပင်၏သဏ္ဌာန်နှင့်တကွ
ရေးသားဖော်ပြလိုက်ရပေသည်။
ဆေးပစ္စည်းတို့၏ဂုဏ်အင်သတ္တိကိုဖော်ပြရာ၌
ရှေးဟောင်းနိဃဏ္ဌုကျမ်းကြီးများ၏
အယူအဆညွှန်ကြားချက်မှန်သမျှကို
တစ်ကျမ်းနှင့်တစ်ကျမ်းညှိနှိုင်း၍
၎င်းပြင်အဘိဓာန်ကျမ်းနှင့်ကုထုံးကျမ်းများအယူအဆကိုပါ
ပေါင်းစပ်၍ကျမ်းလွတ်မဟုတ်ဘဲ
ကျမ်းတွင်ပါသမျှတို့ကိုရှာဖွေစုဆောင်း၍
စုပေါင်းဖော်ပြရေးသားရမည့်တာဝန်သည်
ဤအဘိဓာန်ကျမ်းရေးသောပုဂ္ဂိုလ်၏တာဝန်ဖြစ်သဖြင့်
ဤဆေးမြင်းခွာအကြောင်းကိုလည်း
အကောင်းဆုံးဖော်ပြနိုင်ရန်
ဆေးအဘိဓာန်ကျမ်းတကာတို့၌
ရှာဖွေမွှေနှောက်၍ကြည့်ရှုငြားလည်း
အာသာဆန္ဒပြည့်ဝအောင်မတွေ့ရပါ။
ဆေးမြင်းခွာကိုကား
မြန်မာဗိန္ဒောဆရာအဆက်ဆက်တို့
အသုံးပြုလျှက်ပင်ရှိသောကြောင့်
ရှေးဟောင်းစာပေတစ်ခုမှ
မြန်မာဗိန္ဒောဆရာတို့အသုံးပြုခဲ့သည့်
ပေမူလာဆေးမြင်းခွာအကြောင်းအရာတို့ကို
အောက်ပါအတိုင်းဖော်ပြအပ်ပါသည်။

***ပုံသဏ္ဌာန်***

၎င်းအပင်သည်မုန်တိုင်းပင်မျိုးဖြစ်သည်။
မုန်တိုင်းပင်နှင့်ခက်လက်ထွက်ပုံဆင်တူသည်။
သို့သော်အလက်ရင့်၍ပြုတ်ကျသည့်အခါ
အလက်၏အရင်းအုံများသည်ကျန်ရစ်ခဲ့လေသည်။
၎င်းကျန်နေသည့်အလက်အုံဖက်များသည်
မြင်းခွာပုံသဏ္ဌာန်ရှိလေသည်။
၎င်းအုံဖတ်ကိုခွာယူ၍အခြောက်လှမ်းထားသည်ကို
ဆေးမြင်းခွာဟုခေါ်ဝေါ်သုံးစွဲကြကုန်၏။
၎င်းသည်လည်းမြင်းခွာမျိုးမဟုတ်ချေ။
၎င်းသည်အဖြူ၊အနီ၊အနက်ဟူ၍သုံးမျိုးရှိရာတွင်
တမျိုးထက်တမျိုးအစွမ်းသတ္တိပိုမိုထက်မြက်ကြကုန်၏။

#ထိခိုက်သောဒဏ်ရာအနာများ

ကျွဲခတ်ခြင်း၊လိမ့်ကျ၍ဒဏ်ရာရခြင်း၊
ဆူးညှောင့်ခလုတ်ထိခိုက်၍
အသားကြေသောဒဏ်ရာရခြင်းဖြစ်မူ(သို့မဟုတ်)
ပုတ်ခတ်ရိုက်နှက်သောဒဏ်ရာများရမူ
ဆေးမြင်းခွာကိုကြိတ်၍အုံပေးပါကပျောက်ကင်း၏။

#လည်ပင်းနှင့်မေးဖျားတို့၌အနာပေါက်သော်

ဆေးမြင်းခွာနှင့်နနွင်းကိုရောကြိတ်၍ဆီနှင့်၎င်း(သို့မဟုတ်)
ပုန်းရည်ကြီးနှင့်၎င်း ဖျော်၍မကြာမကြာလူးပေးပါက
ပျောက်ကင်း၏။

#အသမာပေါက်ရောဂါ

ကြက်အသမာစသည့်အသမာအနာမျိုးစုံပေါက်မူ
ဆေးမြင်းခွာနှင့်စိန်နီမြင်းသွားကိုကြိတ်၍အုံမူပျောက်၏။

#ငှက်ဖျားရောဂါ

ငှက်ဖျားရောဂါနှင့်အပူရှပ်၍ဖျားခြင်း၊ရေချိုးမှားခြင်း
အအေးငုပ်ခြင်းစသောအငုပ်ရောဂါများကို
ဆေးမြင်းခွာ ၁၀ ကျပ်သား
ငြုပ်ကောင်း၅ ကျပ်သား
ရေများများနှင့်ကျို၍
ခပ်နွေးနွေးကလေးရှိသောအခါရေချိုးပေးမူပျောက်၏။

#ခွေးကိုက်ခြင်း

ခွေးကိုက်မူခွေးကိုက်သောဒဏ်ရာကို
ဆေးမြင်းခွာ၊ချင်းစိမ်း၊ဆားစိမ်းတို့ရောကြိတ်၍အုံပေးမူ
ပျောက်ကင်း၏။

#ခြေလက်နှင့်အကြောများ

ခြေလက်နှင့်အကြောများကပ်ခြင်း၊ထုံးဖွဲ့ခြင်း၊ကိုက်ခဲခြင်းတို့ကို
၇-ရက်စေ့အောင်ဆင်ချေးနှင့်မြင်းခွာကိုလူးလည်းလူး
အုံလည်းအုံပေးပါကပျောက်ကင်း၏။
အချို့သူတို့သည်အရိုးကျိုး၊အကြောပြတ်ရောဂါကိုပင်လျှင်
ဤနည်းနှင့်ကုသကြောင်းပျောက်ကင်းကြောင်း
ပြောဆိုကြကုန်၏။

#တနည်း

အရိုးကျိုး၊အကြောပြတ်တို့ကိုဆင်ချေးကိုအကျွမ်းဖုတ်၍
ဆေးမြင်းခွာနှင့်ရောကြိတ်ပြီးလူးခြင်း၊အုံပေးခြင်း
ကြပ်စည်းပေးခြင်းဖြင့် ၇-ရက်တိုင်တိုင်ပြုလုပ်ပါက
အရိုးများ၊အကြောများပြန်၍ဆက်သည်အထိ
အစွမ်းသတ္တိရှိသည်ဟုယုံကြည်သုံးစွဲကြကုန်၏။

***ရောဂါအလိုက်အသုံးပြုနည်း***

#မျက်စိရောဂါ

ဆေးမြင်းခွာကိုချင်းစိမ်းနှင့်သွေး၍သောက်ကပျောက်ကင်း၏။

#ဝက်ခြံပေါက်ခြင်း

ဝက်ခြံပေါက်သော်ဆန်ဆေးရည်နှင့်သွေး၍
တစ်နေ့သုံးကြိမ်မျှလူးရ၏။

#မြွေကိုက်ခြင်း

ဆေးမြင်းခွာကိုလူကျင်ငယ်ရေနှင့်သွေး၍မွှန်းမွှန်းလိမ်းပေးရ၏။
ဝမ်းတွင်းသို့အဆိပ်ဝင်သော်၊အဆိပ်တက်သော်၊
ဆင်ချေးနှင့်သွေး၍တိုက်ကပျောက်ကင်း၏။

#အနာပေါက်မျိုးစုံ

ဆေးမြင်းခွာကိုဆင်ချေး၊နနွင်းစိမ်းတိုနှင့်ကြိတ်၍အုံပေးမူ
နုလျှင်ပိန်၍၊ရင့်လျှင်ပြည်ပေါက်ပြီးအသားနုတက်လာပါလိမ့်မည်။

#မိန်းမတို့ရာသီမှန်ဆေး

ရာသီမမှန်သော်လည်းကောင်း၊ဓမ္မတာမမှန်၍ပိန်ကပ်
ကြုံလှိချိနဲ့သော်လည်းကောင်း
ဆေးမြင်းခွာ ၃ ကျပ်သား
ပိတ်ချင်းသီး ၂ ကျပ်သား
၎င်းနှစ်ပါးကိုအမှုန့်ပြု၍ရေနွေးနှင့်တခွက်စာဇီးကင်းမျှ
ညနံနက်သောက်မူမီးရပ်သွေးများမှန်မှန်ဆင်းလာပါလိမ့်မည်။

#အသက်ရှည်ဆေး

ဆေးမြင်းခွာကိုအမှုန့်ပြုပြီးလျှင်ပျားရည်နှင့်နေ့စဉ်မပြတ်
အသုံးပြုရာ၏။တစ်ခွက်စာဇီးကင်းမျှစားပါ။

(#မှတ်ချက်။          ။ဆေးမြင်းခွာနှင့်ပက်သက်၍
အချို့သူများကမြင်းခွာရွက်၊
အရွက်စားဆေးမြင်းခွာပင်နှင့်
အမှတ်မှားနေကြပါသည်။
ယခုဖော်ပြသောအပင်ဓာတ်ပုံမှာမိမိသိရှိသော
ဆေးမြင်းခွာအပင်ကိုဗဟုသုတအဖြစ်
ဖော်ပြခြင်းဖြစ်ပါသည်။
ဆေးမြင်းခွာ၏ရုက္ခဗေဒအမည်မှာAngiopteris sp.ဟု
ဖော်ပြထားသော်လည်း
အသေးစိတ်ထပ်မံလေ့လာရန်လိုအပ်နေပါသည်။
ဆေးမြင်းခွာအပင်မျိုးစိတ်ကွဲများမည်မျှရှိနေသည်ကို
စိတ်ဝင်တစားလေ့လာသုတေသနပြုသင့်ပါသည်။)

#Source : Google

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-ဒုတိယတွဲ။


ှုမူရင်း page။

https://m.facebook.com/story.php?story_fbid=612668098862213&substory_index=0&id=580814715380885

No comments: