Monday 16 November 2015

ကွက်နပေါင်း

Kingdom : Plantae
(unranked) : Angiosperms
(unranked) : Eudicots
Order : Ranunculales
Family : Menispermaceae
Genus : Cocculus
Species : Cocculus villosus/ C. hirsutus

အမည် - ကြွက်နပေါင်း

အင်္ဂလိပ်အမည် - Broom Creeper

ရုက္ခဗေဒအမည် - Cocculus villosus/ C.hirsutus

မျိုးရင်းအမည် - Menispermaceae

#ပုံသဏ္ဌာန် - ၎င်းသည်မိုးဥတု၌ပေါက်ရောက်တတ်သော
အပင်မျိုးဖြစ်၏။
အချို့အချို့နေရာ၌ ဆယ့်နှစ်ရာသီလုံးပင်တွေ့နိုင်၏။
ထိုနွယ်မျိုးသည်တောင်ပေါ်၌မပေါက်ရောက်တတ်ပေ။
နွယ်များသည်အလွန်ရှည်လျား၏။
မြေပေါ်တွင်လည်းများစွာပျံ့နှံ့၍နေတတ်၏။
အကယ်၍အနီးအနား၌သစ်ပင်ရှိခဲ့သော်ထိုအပင်သို့
မှီတွယ်တက်တတ်၏။
နွယ်ရိုးများတွင်အမွေးဖြူများရှိ၏။
နွယ်ညွန့်များကားနူးညံ့ကုန်၏။
ရင့်သောအခါရှည်၍လွန်စွာတုတ်ခိုင်ကုန်၏။
အရွက်တို့သည် ၂ လက်မ မှ ၃ လက်မအထိရှည်ကုန်၏။
၁ လက်မခွဲ မှ ၂လက်မအထိကျယ်၍အချို့ခပ်ဝိုင်းဝိုင်း
ရှိ၏။
အချို့ချွန်၏။
အချို့အရွက်တို့မှာအစွန်း ၅ ခုရှိသည်ကိုတွေ့ရ၏။
အချို့မှာကွမ်းရွက်နှင့်တူ၏။
သို့ဖြစ်၍အရွက်ပုံသဏ္ဌာန်တို့သည်အမျိုးမျိုးရှိကြကုန်၏။
နွယ်တစ်ခုတွင်အကိုင်းထွက်၍အရွက်
အသီးသီးထွက်ကုန်၏။
အသီးမှာမူလွန်စွာသေး၏။
စိမ်းသောအခါ၌အရောင်စိမ်း၍
မှည့်သောအခါခရမ်းရောင်ရှိ၏။
အတွင်း၌ညိုမဲသောအရည်များပြည့်ကုန်၏။
အပွင့်များသည်မိုးအခါ၌ပွင့်တတ်၍အသီးများမှာ
ဆောင်းဝင်သောအခါ၌သီးကြ၏။
အရွက်ကိုချေ၍ရေနှင့်နယ်ခဲ့သော်
ရေများသည်မုန့်ကျွဲသဲအသွင်ဖြစ်နေ၏။
၎င်း၏အမြစ်ရင်း၌အလွန်နက်သောမြစ်ဥရှိ၏။
ဆေးသုံးရာ၌အရွက်နှင့်အမြစ်ကိုသုံးကြရ၏။

#အရသာနှင့်အကျိုးသွား

အရွက်သည်ချို၏။

#ဂုဏ်နှင့်စွမ်းရည်

သုတ်ကိုပွားစေ၏။
နှုတ်ကိုမြိန်စေ၏။
အပူနာ၊သည်းခြေနာ၊သွေးဖောက်ပြန်ခြင်းနှင့်
အဆိပ်၏အန္တရာယ်တို့ကိုပယ်ဖျောက်တတ်၏။
၎င်း၏မြစ်ဥသည်ထက်သောသတ္တိရှိ၏။
ချွေးထွက်စေ၊ကျင်ငယ်ကိုပွားစေ၊အားကိုများစေ၏။
အဖျားကိုနိုင်၏။
လေဖောက်ပြန်မှုကိုပယ်ဖျောက်တတ်၏။
မလတို့ကိုသုတ်သင်တတ်၏။
နူးညံ့သောသဘောရှိ၏။
၎င်း၏အရွက်များသည်ပူလောင်နေသည်ကိုငြိမ်းစေနိုင်သည်။
ကျင်ငယ်ကိုများစေ၏။
ဖောရောင်ခြင်းကိုနိုင်၏။
နို့ကိုများစေ၏။

#ရောဂါအလိုက်အသုံးပြုနည်း

***လေးဘက်နာ၊အရေပြား၊ကာလသားရောဂါ***

၎င်း၏အမြစ်ကိုဆိတ်နို့နှင့်ပြုတ်၍ပိတ်ချင်း၊ချင်းခြောက်၊
ငရုတ်ကောင်းတို့ကိုထည့်သောက်ခဲ့သော်
နှစ်ရှည်လများစွဲခဲ့သောလေးဘက်နာရောဂါ၊
အရေပြားရောဂါ၊ကာလသားရောဂါကြောင့်ဖြစ်သော
အဆစ်ရောင်ရောဂါတို့၌အကျိုးပြု၏။

***ယားနာနှင့်တင်းရောင်နာ***

၎င်း၏အမှုန့်ကိုသကြားနှင့်ရောစပ်သုံးစွဲခဲ့သော်
ယားနာများကိုပျောက်ကင်းစေ၏။
ထိခိုက်ရှနတင်းရောင်သောနေရာတို့၌၎င်းအရွက်ကို
မီးတွင်ပူအောင်လုပ်၍စည်းပေးသော်ပျောက်ကင်း၏။

***သွေးဖောက်ပြန်***

အဆစ်ရောင်ရောဂါ၊အနာမီးလျှံနာ၊ယားနာ၊
ကာလသားရောဂါကြောင့်ဖြစ်သော`သွေးဖောက်ပြန်´သည့်
ရောဂါတို့၌ဥပသကာကဲ့သို့ကျေးဇူးပြု၏။
၎င်းရောဂါမျိုးတွင်
အမြစ်မှုန့် ၁ကျပ်၈ပဲသား
ငရုတ်ကောင်း (၇)စေ့နှင့်ရောကြိတ်၍
၄၅ကျပ်သားရေတွင်ပြုတ်ပြီး
၃ကျပ်၈ပဲသားရေကျန်သောအခါ၌၎င်းကိုသောက်သင့်၏။

***မြွေဆိပ်သင့်***

အမြစ်ရင်းတွင်နက်ရှိုင်းစွာတည်ရှိနေသောမြစ်ဥကိုသွေး၍
ရေနှင့်တိုက်ခဲ့သော်အန်ထွက်ပြီးလျှင်
မြွေဆိပ်များကျစေနိုင်သည်။
ထို့ကြောင့်ထိုအပင်ကိုသက္ကတဘာသာ၌
`ပါတလဂရုဠီ- နဂါးကိုဂဠုန်နိုင်သကဲ့သို့´ဟု
အမည်ပြုကြကုန်၏။

***ဘိန်းပြတ်လိုသော်***

ဘိန်းစွဲသူများကိုကယ်တင်နိုင်၏။
ဘိန်းကိုတဖြည်းဖြည်းလျှော့စားစေ၍ထိုနေရာ၌
ဆေးမြစ်မှုန့်ကိုနေ့စဉ်ကျွေးသွားရာ၏။
အစ၌ ၁၂ ပဲသားခန့်ကျွေးသင့်၏။
၎င်းနောက်တဖြည်းဖြည်းလျှော့စေသင့်၏။
များများစားလျှင်မူးလည်းမူးတတ်၏။
အန်လည်းအန်တတ်၏။
ထိုသို့ဖြစ်ခဲ့သော်သကြားနှင့်ရောထားသောနို့တွင်
ဇာတိပ္ဖိုလ်သီးမှုန့် ၂ ရတီခန့်ထည့်၍သောက်သင့်၏။
ဤကဲ့သို့ပြုလုပ်သွားခဲ့သော်ကြာရှည်စွာစွဲနေသော
ဘိန်းစားများလည်းဘိန်းပြတ်သွားနိုင်၏။

***သုတ်ကိုပွားလိုသော်***

၎င်းကိုနွားနို့နှင့်ရောသောက်ခဲ့သော်လွန်စွာသုတ်ကို
ပွားစေ၏။

***ချောင်းဆိုး၊တင်းရောင်၊ဦးခေါင်းနှင့်အကြောကိုင်***

၎င်းကိုနွားနို့နှင့်ရောသောက်ခဲ့သော်ချောင်းဆိုးရောဂါ၌
အကျိုးပြု၏။
မျက်ခွံများတင်းရောင်ခြင်းကိုပယ်ဖျောက်နိုင်၏။
ဦးခေါင်းနှင့်အကြောကိုင်ခြင်းတို့ကိုလျှင်စွာ
ပယ်ဖျောက်နိုင်၏။

#မှတ်ချက်။                 ။ရှေးဟောင်းဗိန္ဒောဆရာကြီးတို့ကား
ထိုအမြစ်ကိုဆင်တုံးမနွယ်ကဲ့သို့ပင်အသုံးပြုကြကုန်၏။
လူသားတို့နှစ်သက်အပ်သော`အိမ်သုံးဆေးပင်´ဟု
အမည်တပ်ကြကုန်၏။
၎င်းအပင်၏အမြစ်၌အခြားသောစွမ်းရည်သတ္တိထူးတစ်ခုကို
အံ့သြဘွယ်ရာတွေ့ရသေး၏။
၎င်းကားအခြားမဟုတ်ပေ၊
ပြဒါးကိုခဲစေနိုင်သောသတ္တိထူးပင်ဖြစ်သည်။
၎င်းသတ္တုရည်ဖြင့်ဆယ်ရက်ခန့်ပြုတ်သော်ခဲနိုင်ကြောင်း
သဲလွန်စဖော်ပြထား၏။

#Source : Google

အရှင်နာဂသိန်ပုံပြဆေးအဘိဓာန်-ပထမတွဲ။

မူရင်း Page=== https://m.facebook.com/story.php?story_fbid=674213412707681&substory_index=0&id=580814715380885

No comments: